Statements

2-Dec-2016 Statement

မြန်မာတပ်မတော်မှ အပြစ်မဲ့ပြည်သူများအား စစ်ပွဲတွင်လူသားဒိုင်းကာအဖြစ်ပြုလုပ်နေသော
ပြစ်မှုများအပေါ် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ပြင်းထန်စွာဆန့်ကျင်ရှုတ်ချကြောင်း
ထုတ်ပြန်ကြေညာချက်

၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်

၂၀၁၆-ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မုံးကိုးမြို့တွင်းရှိ မြန်မာ့တပ်မတော် ဗျူဟာကုန်းမှ မုံးကိုးအရှေ့ဖက်ခြမ်းရှိ လူနေအိမ် (၅)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ (၈၀)ဝန်းကျင်ခန့်အား ဗျူဟာကုန်းသို့ ဖမ်းဆီး ခေါ်ဆောင်ကာ ဗျူဟာကုန်းနံရံပတ်လည်တွင် သံဇကာနှစ်ဆင့်ဖြင့်ပိတ်ဆို့ထားပြီး လူသားဒိုင်းကာအဖြစ်ပြုလုပ်ထားပါသည်။ ၄င်းဖမ်းဆီးခံထားရသူများအထဲမှ (၃)ဦးမှာ ဖမ်းဆီးသည့်နေ့မှပင် မြန်မာ့တပ်မတော်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရပါသည်။

နိုဝင်ဘာ (၃၀)ရက်နေ့တွင် ဗျူဟာကုန်း၌ ဖမ်းဆီးထားသော ဓားစာခံများထဲမှ (၄)ဦးမှာ ပျောက်ဆုံးသွားကြောင်း ထွက်ပြေး လွတ်မြောက်လာသူများထံမှ သိရှိရပါသည်။ မိမိတို့ မဟာမိတ်တပ်တို့သည် ပြည်သူလူထုများ၏ အသက်ကို စိုးရိမ်မိသဖြင့် ဗျူဟာကုန်းအား တိုက်ခိုက်နေခြင်းမှ ရပ်တန့်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ စစ်ပွဲများတွင် မြန်မာ့တပ်မတော်၏ လူသားမဆန်သော ပြစ်မှုများအပေါ် ပြင်းထန်စွာဆန့်ကျင်ရှုတ်ချပြီး အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၁။ မြန်မာ့တပ်မတော်မှ အပြစ်မဲ့ပြည်သူလူထုများအား လူသားဒိုင်းကာအဖြစ် ပြုလုပ်ခြင်းသည် ဖက်ဆစ်အပြုအမူ ဖြစ်သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းမှာ ဂျီနီဗာကွန်ဗင်းရှင်း၏ အပိုဒ် (၄)တွင်ပါရှိသော ‘တိုက်ပွဲတွင်ပြည်သူများကိုအဓိကထားကာကွယ်ရန် ဥပဒေ’ နှင့် ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေ’ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းပင်ဖြစ်သည်။

၂။ မြန်မာ့တပ်မတော်သည် အရပ်သားလူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အဓမ္မသတ်ဖြတ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးများကို ရန်သူအဖြစ်သတ်မှတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းနှင့် ပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်းမှာ မြန်မာ့တပ်မတော်အနေဖြင့်လူမဆန်သည့်လုပ်ရပ်များအား လုပ်ဆောင်နေသည့် သက်သေများပင်ဖြစ်ပါသည်။

၃။ မြန်မာ့တပ်မတော်၏ ဤကဲ့သို့သော လုပ်ဆောင်ချက်များမှာ တိုင်းရင်းသားမျိုးနွယ်စုများ၏ လူသားဖြစ်တည်မှုနှင့် လူသား မျိုးနွယ်အပေါ် ရာဇဝတ်ပြစ်မှုကြီး ကျူးလွန်ခြင်းဖြစ်ပါသည်။

၎။ မြန်မာ့တပ်မတော်မှ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ထားသည်မှာ (၁၁)ရက်ရှိပါပြီ။ ပြည်သူတို့မှာ နဂိုကတည်းကပင် ခံနိုင်ရည်အားနည်းပြီး ယခုကဲ့သို့ဆက်လက်ချုပ်နှောင်ထားမည်ဆိုပါက အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထား ရှိလာနိုင်ပါသည်။ ထို့ကြောင့် လက်ရှိအစိုးရမှ မြန်မာ့တပ်မတော်အား ဤသို့ဖမ်းဆီးထားသော ပြည်သူလူထုများကို လွှတ်ပေးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန်အတွက် အမိန့်ထုတ်ပြန်ပေးရန် မေတ္တာရပ်ခံပါသည်။

၅။ အဆိုပါအပြစ်မဲ့ပြည်သူများအား မြန်မာ့တပ်မတော်မှ လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းအပေါ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက် ပေးပါရန် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့ (Northern Alliance -Burma) မှ အထူးမေတ္တာရပ်ခံအပ်ပါသည်။

မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *